Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

ကျနော် ကြိုက်နှစ်သက်တဲ့ စာတွေကို ပြန်လည် မျှဝေပါသည်.....

ရှာကြည့်ပါ

Loading...

Sunday, March 3, 2013

“ ရွှေမြန်မာဥယျာဉ်နှင့် အင်တာဗျူး ”


 ဝေ(စီးပွားရေးတက္ကသိုလ်)
ပြီးခဲ့တဲ့တစ်ပတ်လောက်က ရွှေမြန်မာဥယျာဉ်ဆိုဒ်က ညီမငယ် ခိုင်လေး(ရွှေတောင်)က ဆိုဒ်အတွက် အင်တာဗျူးလေးလုပ်ချင်တယ်လို့ ဆက်သွယ်လာပါတယ်။

အမှန်ပြောရရင် ကျွန်မက အင်တာဗျူးတွေဖြေဖို့ အင်မတန်ဝန်လေးသူပါ။
 ကိုယ့်ကိုမေးမယ့်မေးခွန်းတွေကို စာဖတ်သူအကျိုးရှိအောင်
ဖြေပေးနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို မယုံရဲပါဘူး။
ဒါပေမဲ့ ဒါဟာ ကျွန်မတို့ရှောင်လွှဲသင့်တဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာလည်း နားလည်မိပါတယ်။



ဒါကြောင့် တတ်နိုင်သလောက် စာဖတ်သူအကျိုးရှိအောင် ကြိုးစားပြီး ရွှေမြန်မာဥယျာဉ်နဲ့ အင်တာဗျူးလေးတစ်ခု လုပ်ဖြစ်ပါတယ်။
ဖတ်ပြီးလို့ အကျိုးမရှိ စိတ်ပျက်ရရင်လည်း သည်းခံကြပါလို့....
တောင်းပန်ရင်း စေတနာနဲ့ မျှဝေပေးလိုက်ရကြောင်းပါ။

ဒီတခါ အင်တာဗျူးအစီစဉ်လေးကတော့ သတ္တမအကြိမ် ရွှေအမြုတေစာပေဆု (ရသစာတမ်းဆု) ကိုတော့ “ဆူးဖက်လက်” ရသစာတမ်းနဲ့ ၂၀၁၂- ခုနှစ်မှာ ရရှိခဲ့တဲ့ဆရာမဝေ ( စီးပွားရေးတက္ကသိုလ်)ကို့  ခိုင်လေး (ရွှေတောင်) မှ လေးစားအားကျစွာ အင်တာဗျူးလေး လုပ်ဖြစ်ခဲ့ပါတယ်ရှင် ။

မမ မင်္ဂလာပါရှင်
- မင်္ဂလာပါ ညီမလေး

1.ပထမဆုံးသိချင်တာလေးကတော့ မမနာမည်အရင်းနဲ့ မမမိသားစုလေးအကြောင်းပါ။ ခုလက်ရှိ မမရှင်သန်နေတဲ့ပုံလေးကို မမစာဖတ်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးပါအုံးနော် ။

- အစ်မနာမည်ရင်းက ဝေေ၀ထွန်းပါ ညီမရေ။ အစ်မမှာ မိသားစုလေးယောက်ရှိပါတယ်။ ခင်ပွန်းက ကဗျာဆရာသစ်ခက်အိမ်ပါ။
သားကြီးက နည်းပညာတက္ကသိုလ်မှာ ပထမနှစ်တက်နေပြီး နွေဦးလေ ကလောင်နာမည်နဲ့လည်း ကဗျာတွေရေးပါတယ်။ သမီးငယ်လေးကတော့ ကျောင်းဖွင့်ရင် သတ္တမတန်းကိုတက်ရမှာပါ။ သူကလည်း တတိယတန်းနှစ်တုန်းက ကလေးအက်ဆေးတစ်ပုဒ် ပေဖူးလွှာမှာ ပါဖူးပါတယ်။
ဒီတော့ မိသားစုအားလုံးက အနုပညာကို ခုံမင်မြတ်နိုးစိတ်တွေ ရင်ထဲမှာအပြည့်လို့ ပြောရတော့မှာပဲ။
ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်အတ္တကိုချည်း ရှေ့တန်းမတင်မိအောင်..၊ မိသားစုဘ၀လေးကို မျှတညီညွတ်အောင်ကတော့ မေတ္တာနဲ့ပဲ တည်ဆောက်ထားတာပါ ညီမရေ။

2.ခုလိုစာရေးဆရာမတစ်ယောက်ဖြစ်လာစေဖို့ မမရင်ဘတ်ထဲကို ရောက်ရှိစေခဲ့တဲ့ အကြောင်းအရာ နဲ့ ၀ါသနာပါခဲ့ပုံလေးကိုလည်း စပ်စုချင်ပါတယ် ။

- အစ်မတို့ ငယ်ငယ်တုန်းကတော့ တခြားဖျော်ဖြေရေးတွေပဲ နည်းလို့လားမသိဘူး။ စာအုပ်တွေကို တော်တော်လေး မက်မောခဲ့ပါတယ်။
စာစဖတ်တတ်ပြီဆိုတာနဲ့ စာအုပ်အငှားဆိုင်နဲ့ရင်းနှီးခဲ့တာပါ။ အဲဒီအချိန်က ခေတ်စားတဲ့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းလိုမျိုး ကလေးစာစောင်တွေကိုလည်း မလွတ်တမ်းဖတ်ခဲ့တာပေါ့။ ကာတွန်းနဲ့ ပုံပြင်စာအုပ်တွေဆိုတာလည်း ဘ၀မှာ နေရာတော်တော်ယူခဲ့တယ်။

အဲသလို စာကိုသည်းသည်းမည်းမည်းဖတ်နေတဲ့အချိန် အသက်ကိုးနှစ်ကျော်ကျော်လောက်မှာ မိဘတွေတာဝန်ကျတဲ့ ကချင်ပြည်နယ်က မြို့ကလေးကို လိုက်ပါသွားခဲ့ရတယ်။ အဲဒီမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့ ဖတ်စရာစာအုပ်တွေ ရှားပါးတဲ့ဒုက္ခကိုတွေ့ရတော့တာပဲ။ အရွယ်နဲ့လိုက်တဲ့ ကလေးစာပေတွေ မရှိတော့ ၀တ္ထုစာအုပ်ကြီးတွေ စဖတ်မိတာပေါ့။
နောက်ပြီး စာငတ်လွန်းတော့ အားတဲ့အချိန်မှာ ကိုယ့်ဖာသာကိုယ် အတွေးနယ်ချဲ့ပြီး စိတ်ကူးယဉ်တာပေါ့။
ကိုယ်စိတ်ကူးယဉ်ထားတဲ့ ဇာတ်လမ်းတွေကို ပုံပြင်လုပ်ပြီး မောင်လေးကို ပြောပြရာကနေ စာရေးဖို့ဝါသနာ စခဲ့တာလို့ အစ်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရွယ်က အရမ်းငယ်သေးတော့ ကိုယ့်စိတ်ကူးကို စာနဲ့ချရေးရကောင်းမှန်းမသိသေးဘူးလေ။ ဒါကြောင့် စာနဲ့မရေးဖြစ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ပုံပြင်အဖြစ် အဲဒီအချိန်ကတည်းက နှုတ်နဲ့ရေးမိနေတာကိုး။

3.မမ ဘယ်အရွယ်လောက်ကစပြီး စာရေးတာ ၀ါသနာပါပြီး စာတွေကို စရေးခဲ့ပါသလဲမမ။

- တစ်ပိုင်းတစ်စ ရင်ဖွင့်စာတွေ၊ ကဗျာတွေကို စရေးမိတာကတော့ ဆယ့်လေးနှစ်အရွယ်လောက်မှာပါ။ အဲဒီတုန်းက အစ်မကိုးတန်းကျောင်းသူဘ၀။ မိဘတွေက နယ်ပြောင်းဖို့ထပ်ကြုံလာတော့ ပညာရေးခက်ခဲမှာ စိတ်ပူပြီး အစ်မကို ရန်ကုန် လသာ -၂- ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားထားခဲ့တယ်လေ။ အဲဒီမှာနေရတော့ အိမ်လွမ်းနာရော၊ သရဲကြောက်တဲ့ရောဂါရော၊ ပြဿနာပေါင်းစုံ ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းရတာရော၊ စိတ်ခံစားချက်ပေါင်းစုံ ပြင်းထန်လာတဲ့အခါမှာ ရင်ဖွင့်စရာလူမရှိတော့ စာနဲ့ချရေးလာမိတာပါ။

4.မမ ပထမဆုံးဖန်တီးခဲ့တဲ့ အနုပညာက ဘာများဖြစ်မလဲ

- ခုချိန်မှာ အစ်မရေးဖြစ်ခဲ့သမျှတွေက ၀တ္ထုတိုတွေ၊ အက်ဆေးတွေ ပိုများတယ်ဆိုပေမယ့် ပထမဆုံးဖန်တီးခဲ့တဲ့ အနုပညာက ကဗျာလေးတွေလို့ပဲ ပြောရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကူးယဉ်ပြီး နှုတ်နဲ့ရွတ်ဆိုမိတာလည်း ကဗျာလေးတွေက စခဲ့ပြီး စာနဲ့ချရေးဖြစ်တော့လည်း ကဗျာတိုလေးတွေက ပထမဆုံးပါ။

5.မမ စာတွေကို တကယ် စရေးဖြစ်တာက ဘယ်ချိန်လောက်မှာလဲမမ

- တကယ်တမ်း ၀တ္ထုရယ်၊ ကဗျာရယ်လို့ သတ်သတ်မှတ်မှတ် တစ်ပုဒ်ပြီးဆုံးအောင်ရေးခဲ့တာကတော့ ဆယ့်ရှစ်နှစ်အရွယ်လောက်မှာပါ။
အဲဒီအချိန်က ၈၈ အရေးအခင်းနဲ့ ကျောင်းသုံးနှစ်ပိတ်သွားတော့ စာတွေကို လောဘတကြီးဖတ်မိရင်းကနေ စာစရေးဖြစ်လာတာပါ။
ပထမဦးဆုံးစာမူ ပုံနှိပ်ဖော်ပြခံရချိန်ကတော့ ၁၉၉၀ပြည့်နှစ်မှာပါ။ အဲဒီနောက် စာမူလေးပုဒ်ဖော်ပြခံရပြီးချိန်မှာ စာဆက်မရေးဖြစ်တော့တာ တော်တော်ကြာသွားပါတယ်။

ခုတစ်ခါ ၂၀၀၇-ခုနှစ်ကနေစပြီး စာတွေကို တစိုက်မတ်မတ်ပြန်ရေးဖြစ်နေပါတယ်။

6.မမရေးခဲ့ပြီးတဲ့ ၀ထ္ထုတိုအရေတွက်လေးနဲ့ လုံးချင်းအနေနဲ့ကော ဘယ်နှစ်အုပ်ထုတ်ပြီးညပီလည်းဆိုတာလေး သိပါရစေမမ

- ပုံနှိပ်ဖော်ပြခံရပြီးသား ၀တ္တုတိုနဲ့အက်ဆေး အရေအတွက်က ၅၈- ပုဒ်ရှိပါပြီ။
ဝတ္ထုတို စုစည်းမှုအနေနဲ့ကတော့ “ နှလုံးသားပေါ်သွေးတဲ့ဓား နှင့် မဂ္ဂဇင်းဝတ္ထုတိုများ ” ဆိုပြီး တစ်အုပ်ထွက်ထားပါတယ်။
ဒီနှစ် နှစ်ဆန်း၂၀၁၃ ဇန်န၀ါရီလကမှ ထွက်ထားတာပါ။

ဝတ္ထုရှည်လုံးချင်းအနေနဲ့ကတော့ တစ်အုပ်ရေးထားပြီးပေမယ့် စိတ်တိုင်းကျတဲ့အထိ အချောသတ်နေတုန်းမို့ မထုတ်ဖြစ်သေးပါဘူး။

7.မမအနေနဲ့ စာတွေတော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံလည်း တော်တော်ရနေပါပြီ။ အဲဒီတော့စာရေးချင်တဲ့လူငယ်များကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။

- ကိုယ်တွေ့နဲ့ရင်းပြီးပြောရရင်တော့ စာရေးချင်တဲ့သူဟာ ပထမဦးဆုံး စာများများဖတ်ဖို့ လိုပါတယ်။ စာဖတ်သက်ရလာတဲ့အခါ ဘယ်စာမျိုးကိုဖတ်သင့်တယ်ဆိုတာကိုပါ ကိုယ်တိုင်ရွေးချယ်တတ်လာမှာပါ။ စာဖတ်မှန်လာပြီဆိုရင် ကိုယ်တကယ်စာရေးတဲ့အခါမှာ အရမ်းကို အထောက်အကူဖြစ်စေပါတယ်။ နောက်ပြီးတော့ များများတွေးပါ များများရေးပါ။ ရေးတဲ့အခါမှာလည်း စေတနာထည့်ပြီးရေးပါလို့ အကြံပေးချင်ပါတယ်။အနုပညာဖန်တီးရာမှာ စေတနာက အဓိကကျတယ်လို့ ထင်ပါတယ်ရှင်။
စေတနာကောင်းရင်ကောင်းသလို စာကောင်းလေးတွေ ရေးနိုင်လာမှာပါ။

8.ဒီနေ့ မြန်မာစာပေလောကနဲ့ပတ်သက်လို့ မမအမြင်နဲ့ ထင်မြင်ချက်လေးကို သိပါရစေမမ

- ဒီနေ့ မြန်မာစာပေလောကမှာ ရသစာပေတွေကို ပရိသတ်အားပေးမှု နည်းလာတယ်လို့ ပညာရှင်တွေ၊ ဆရာတွေ တော်တော်များများက သုံးသပ်ကြပါတယ်။ ဒါဟာ စာဖတ်အား နည်းလာတာကြောင့်ဖြစ်သလို၊ အပျော်ဖတ်စာပေတွေ များလာတာကြောင့်...၊
ဖျော်ဖြေရေးမီဒီယာတွေ များလာတာကြောင့်...၊ အချိန်ဆင်းရဲလာတာကြောင့် ...၊ အစရှိသဖြင့် ဘယ်လိုပဲပြောပြော။
စာရေးသူတွေဖက်ကတော့ ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် အားထုတ်မှုမလျော့သင့်ဘူးလို့ ထင်ပါတယ်။ တစ်နည်းပြောရရင် စာဖတ်သူအပေါ်ထားတဲ့ စေတနာကို မလျှော့သင့်ပါဘူး။ ရသစာပေကို ပြည်သူလူထုက အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ။ စာရေးသူက သူဖန်တီးတဲ့ အနုပညာအပေါ် တာဝန်ကျေဖို့တော့ အမြဲလိုမယ်လို့ ထင်ပါတယ်။

9.မမစာတွေ အကုန်လုံးလိုလိုဖတ်ဖြစ်ပါတယ် ။ ဒီထဲကမှ အနာဂတ်၏ အရောင် ဆိုတဲ့ ၀ထ္ထုတိုလေးကို အရမ်းကြိုက်နှစ်သက်မိပါတယ် ။

အနှစ်သက်ဆုံး စကားစုလေးကတော့

* တစ်ဘ၀စာ အတွက် ခရီးလမ်း ကို အတူတူ လက်တွဲ လျှောက်ကြ ပြီဆိုမှတော့ ကောင်း ရင်အတူစံ၊ ဆိုးရင်လည်း အတူတူ ခံရတာလေ။ ဘယ်သူ့ ဘယ်သူက သာတယ်၊ နာတယ်၊ နိမ့်တယ်၊ မြင့်တယ်ရယ် ရှိဦးမှာလဲ။

တကယ်လို့ မိုးနဲ့သူက နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက် ကလေးဆို ရင် အဲဒီစွယ်တော်ရွက်ကလေးနှစ်လွှာကြားမှာ ပေါင်းကူးယှက်ဖြာနေတဲ့ သစ်ကြောလွှာစိမ်းစိမ်းလေးဟာ မိုးတို့ရဲ့ သားကလေးပါ။

စွယ်တော်ရွက် ကလေး နှစ်လွှာမှာ တစ်လွှာကညှိုး လာရင် (ဥပမာ နေထိ လို့ပဲ ဖြစ်ဖြစ်) နောက်တစ်လွှာက လည်း တဖြည်းဖြည်း လိုက်ညှိုး လာမှာပဲ။ တစ်ရွက်လုံး ညှိုးခြောက် လာတော့ အကြော စိမ်းလေးလည်း ညှိုးခြောက် ရတော့တာပေါ့။

စွယ်တော်ရွက် ကလေး သာ တကယ်တမ်း ကြွေကျပြီ ဆိုမှတော့ နှစ်လွှာ စလုံး အကြောစိမ်းလေး ပါမကျန် မြေခ ရတာပါပဲ။ အဲဒါမှ ဘ၀တစ်ခု အစစ် ပါလို့ မိုးက ပြောရင်တော့ သူ့ အပြုံးတွေ လက်လာ တတ်တယ်။ *

ဆိုတာလေးပါပဲ။ ဒီလို လှပပြီး အနှစ်သာရပြည့်ဝတဲ့ စကားစုတွေကို မွေးဖွားစေဖို့ မမပြင်ဆင်ကြိုးစားပုံလေးကို သင်ကြားလေ့လာချင်ပါတယ် မမ

- ဒီဝတ္ထုလေးရဲ့ မြစ်ဖျားခံရာက အစ်မပတ်ဝန်းကျင်မှာ တကယ်ရှိနေခဲ့တဲ့ အဖြစ်အပျက်တွေပါ။ကိုယ့်မျက်စေ့ရှေ့မှာ မြင်နေ၊ ကြားနေရတဲ့ မိသားစုလေးရဲ့ ခံစားချက်ကို စာနာမိပြီး နှလုံးသားချင်းပေါင်းကူးမိတဲ့အခါမှာ ကိုယ်ကိုယ်တိုင် အဲဒီဇာတ်လမ်းထဲက မိုးဖြစ်သွားပါတယ်။ ကိုယ်လည်း ကြုံတွေ့ဖူးခဲ့တဲ့ အဲလိုခပ်ဆင်ဆင်ခံစားမှုမျိုးကို ပြန်တွေးပြီး ဈာန်သွင်းရင်း
နှလုံးသားနဲ့ရေးခဲ့တာပါ။

10.မမ အနှစ်သက်ဆုံးစာအုပ်လေးကို ပြောပြပါဆို

- အမှန်ပြောရရင် နှစ်သက်မိခဲ့တဲ့ စာအုပ်တွေက အများကြီးပါ။ အရွယ်နဲ့လိုက်ပြီး အနှစ်သက်ဆုံးတွေကလည်း ပြောင်းနေတာမို့ အနုပညာမြောက်အောင် ရေးဖွဲ့နိုင်တဲ့ စာအုပ်တိုင်းကို နှစ်သက်ပါတယ်လို့ပဲ ဖြေပါရစေ ညီမရေ။

11.မမ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးရှိမယ်ဆို သိပါရစေမမ

- “ မေတ္တာသည်သာ အစွမ်းအထက်ဆုံး ” လို့ အစ်မက ခံယူထားပါတယ်။

မေတ္တာလွှမ်းခြုံထားရင် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်လုံခြုံတယ်လို့လည်း ထင်ပါတယ်။

12.မမ သတ်မှတ်ထားတဲ့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေကို မျှဝေပေးပါအုံး

- စာဖတ်တာကတော့ ဘာစာပဲဖတ်ဖတ် အကျိုးရှိပါတယ်။ သုတစာပေတွေက ဦးနှောက်အသိဥာဏ်ကို တိုးပွားစေသလို၊ ရသစာပေကတော့ နှလုံးသားကို ရင့်ကျက်ဖွံ့ဖြိုးစေတဲ့ နှလုံးသားအဟာရတွေပါ။

အစ်မတို့ လူ့ပတ်ဝန်းကျင်မှာ တချို့ ကိစ္စတွေက ဦးနှောက်သုံးမှ အောင်မြင်နိုင်တယ်ဆိုပေမဲ့ တကယ်တမ်းတော့ နှလုံးသားခံစားချက်နဲ့ ပေါင်းစပ်စာနာနိုင်မှသာ လူသားဆန်ပြီးပြည့်စုံတဲ့ အောင်မြင်မှုမျိုးကို ရနိုင်တာလို့ အစ်မက ယုံကြည်တယ်။ ဒါကြောင့်မို့ ဦးနှောက်ရောနှလုံးသားပါ မျှမျှတတဖွံ့ဖြိုးအောင်လို့ သုတရော ရသရော စာပေါင်းစုံကို ဖတ်သင့်ပါတယ်။

13.မမလျှောက်လှမ်းခဲ့ရတဲ့ စာပေခရီးလမ်းမှာ အမှတ်တရ အဖြစ်စေဆုံးအဖြစ်ပျက်လေးနဲ့ သင်ခန်းစာယူစရာ အကောင်းဆုံးကိစ္စလေးတွေ ရှိခဲ့ဘူးမယ်ဆို လူငယ်တွေ ဗဟုသုတဖြစ်စေရအောင် ပြောပြပေးပါအုံးမမ

- အစ်မဘ၀မှာ စာပေနဲ့ပတ်သက်တဲ့ အမှတ်တရအဖြစ်စေဆုံးကတော့ မနှစ်က ရွှေအမြုတေဆုပေးပွဲလေးပါ။
ဆုပေးပွဲထုံးစံအတိုင်း ပွဲရက်နီးလာတော့ ထင်ကြေးပေးသံလေးတွေ ညံလာပါတယ်။ ရွှေအမြုတေဆုက ဆုရစာမူတွေကို ကြိုကြေငြာတာမဟုတ်ဘဲ ပွဲချိန်အတွင်းမှာမှ အကယ်ဒမီပေးသလို ဆရာတစ်ယောက်ချင်းက စာအိတ်ဖောက်ပြီး ကြေငြာရတာဆိုတော့ အရမ်းလည်း ရင်ခုန်စရာကောင်းပါတယ်။

မနှစ်ကဆုပေးပွဲနီးလာတော့ အစ်မကို ၀တ္ထုတိုအတွက် ထင်ကြေးပေးသံက ရသစာတမ်းထက် ပိုများပါတယ်။ အစ်မကိုယ်တိုင်လည်း ၀တ္ထုတိုနဲ့များဆုရမလားဆိုတဲ့အတွေးက မမျှော်လင့်ရဲရဲနဲ့ ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်က အပြောများကြတဲ့ ဆုခန့်မှန်းချက်တွေအကုန်လုံးလိုလို လွဲခဲ့ပြီး အစ်မလည်း ရသစာတမ်းနဲ့ပဲ ဆုရခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ခန့်မှန်းချက်အားလုံးလိုလို လွဲတဲ့အထဲမှာ ကိုယ်က ခေါင်းစဉ်လွဲပေမဲ့ ရွှေဆုကိုတော့ ပိုက်လိုက်နိုင်တဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။

သင်ခန်းစာယူစရာအကောင်းဆုံး ကိစ္စလေးကတော့ အစ်မ၀တ္ထုလေးတွေ စာမျက်နှာပေါ်မှာ အတန်အသင့်ဖြတ်သန်းပြီးချိန်မှာ ဆဌမအကြိမ်ရွှေအမြုတေဆုပေးပွဲမှာ ဆုသုံးသပ်ချက်ဖတ်ပေးဖို့ အဖိတ်ခံရပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် စာပေအသိုင်းအ၀ိုင်းနဲ့ လူချင်းစတင်ကျွမ်းဝင်ခွင့်ရခဲ့တာပါ။ အဲဒီပွဲမှာ ကိုယ်ကသိနေ လေးစားနေပေမယ့် ကိုယ့်ကို သိမှာမဟုတ်ပါဘူးလေ ဆိုတဲ့ အားငယ်စိတ်နဲ့ နှုတ်မဆက်ရဲခဲ့တဲ့ ဆရာ၊ဆရာမတချို့က မာန်မာနကင်းမဲ့စွာ ကိုယ့်ကိုစတင်နှုတ်ဆက်တာတွေ့ရတော့ သတ္တိနည်းတဲ့စိတ်အတွက် အားနာရှက်ရွံ့မိသလို ဆရာ၊ဆရာမတွေကိုလည်း ပိုပြီးလေးစားချစ်ခင်ခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုသိသိမသိသိ ကိုယ်ကအရင်ဂါရ၀ပြု မိတ်ဆက်သင့်တယ်ဆိုတဲ့ အသိလေးရခဲ့သလို မာန်မာနကင်းစင်တာဟာလည်း လေးစားအတုယူစရာ ဆိုတာ ပိုသေချာခဲ့ပါတယ်။

14. မမဖန်တီးတဲ့ အနုပညာအပေါ် မမရဲ့ ခံစားချက်ပီတိလေးကို စပ်စုချင်ပါတယ်

-အစ်မရေးသမျှစာတိုင်းကို စေတနာအရင်းခံပြီး နှလုံးသားနဲ့ခံစားရေးပါတယ်။ ရေးပြီးတိုင်းလည်း အထပ်ထပ် အပြန်ပြန် ဖတ်ပါတယ်။ စိတ်သိတ်မစောဘဲ ကိုယ်တိုင် ကျေနပ်တဲ့အထိ ဖတ်ရှု ပြင်ဆင်ပြီးမှသာ မဂ္ဂဇင်းတွေကိုပို့လေ့ရှိတာမို့ ၀တ္ထုလေးတွေ စာမျက်နှာထက်ရောက်လာပြီဆိုရင် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ။ ပြန်ပြင်ချင်တယ် ဆိုတာမျိုးမရှိဘဲ စိတ်ကျေနပ်မှုရှိခဲ့ပါတယ်။

15. မမ စာဖတ်ပရိတ်သတ်တွေကို မမပြောချင်တာလေးများရှိနေမလား

ခုခေတ်လို နည်းပညာဖွံ့ဖြိုးမှုတွေ အရမ်းမြန်ဆန်တိုးတက်နေတဲ့ အချိန်မှာ ခေတ်ကိုအမီလိုက်နိုင်ဖို့အတွက် ဦးနှောက်အသိဥာဏ်တိုးပွားဖို့ လိုသလို လောကရဲ့အလှကို ခံစားသိမြင်နိုင်ဖို့ကလည်း စိတ် နှလုံးသားတွေ ရင့်ကျက်ဖွံ့ဖြိုးဖို့လိုသေးတာပါ။

ဒါကြောင့် လူငယ်တိုင်း ရသစာပေကိုလည်း အချိန်ယူပြီးတော့ကို ဖတ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

16.မမ ကိုယ်ပိုင်ဘလော့လင့်လေး နဲ့ facebook လင့်လေးကို မျှဝေပေးပါအုံမမ။

- Website : http://waieco.blogspot.com/

- Facebook Fan Page : ဝေ(စီးပွားရေးတက္ကသိုလ်)

:http://www.facebook.com/pages/ဝေစီ%...

- Facebook Address : http://www.facebook.com/wai.eco

- Email : zarniwai2011@gmail.com

17. မမ ရဲ့ စာပေမှတ်တိုင်အဖြစ် မမရရှိခဲ့သောစာပေဆုလေးတွေကို ပြောပြပေးပါအုံးနော် ။

- အစ်မဘ၀မှာ စာပေအနုပညာနဲ့ ပထမဦးဆုံးရခဲ့တဲ့ဆုက စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်၊ ဟန်လင်း - နှင်းဆီ အဆောင်ဒင်နာရဲ့ နံရံကပ်စာစောင်မှာ ကဗျာပထမဆု ရခဲ့တာပါ။ စာပေပညာရှင်တွေကြားထဲမှာ မဟုတ်ဘဲ ကျောင်းသူကျောင်းသားတွေချည်း ဆိုပေမဲ့ အစ်မ အဲဒီဆုလေးကိုတန်ဖိုးတထား အမှတ်တရရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အစ်မရဲ့ဝါသနာမျိုးစေ့လေးကို မြေတောင်မြှောက်ပေးခဲ့လို့ပါ။

နောက်ထပ် သတ္တမအကြိမ် ရွှေအမြုတေစာပေဆု (ရသစာတမ်းဆု) ကိုတော့ “ဆူးဖက်လက်” ရသစာတမ်းနဲ့ ၂၀၁၂- ခုနှစ်မှာ ရခဲ့ပါတယ်။

18.ခုလို မအားတဲ့ကြားကနေ စာဖတ်ပရိတ်သတ်ကို လေးလေးစားစား ပြန်လည်ဖြေကြားပေးခဲ့သော မမကို ခိုင်လေးနှင့်တကွ ရွှေမြန်မာဥယျာဉ်
မိသားစုမှ လေးလေးစားစား ကျေးဇူးတင်ရှိမိပါတယ် မမ ။

- အစ်မကလည်း ခုလို အင်တာဗျူးဖို့ဆက်သွယ်လာတဲ့ ညီမခိုင်လေးကိုရော၊ ရွှေမြန်မာဥယျာဉ်က
Site Adminများနဲ့တကွ မန်ဘာအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ရွှေမြန်မာဥယျာဉ်ကို လည်ပတ်ချင်တယ်ဆိုရင်တော့...
http://goldenmyanmarparadise.ning.com/profiles/blogs/5620648:BlogPost:1577375

No comments:

Post a Comment

သူငယ်ချင်းပေးသွားတဲ့ Comment တွေကို စီစစ်ပြီးဖော်ပြပေးမည် ဖြစ်ပါသဖြင့် အခုချက်ချင်း ပေါ်လာမှာမဟုတ်ဘူး။ နောက်တခေါက်ရောက်ရင် blogg ၏ ဘယ်ဖက်ဆိုက် အောက်ဆုံးတွင် ကြည့်ကြည့်ပါ။သင့်ရဲ့Comment တွေကို မြင်နိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...